Saturday, August 6, 2016
ကုန်းဘောင်ခေတ် လွမ်းချင်းစာဆို သာဝတ္ထိဦးကြီး၏ ကဗျာများစုစည်းမှု
လေး ထမ်း တဲ့ ဖေ
===========
တောင်ခါးပန်းရယ်နှင့်
ခင်တန်းကုန်းငယ်မြှောင်
ကျော့ကွင်းကိုထောင်သည်
ခွေးညီနောင် တခင်ခင်နှင့်
ယုန်ရှင်ကို ဘမ်းခဲ့ပ
လေးထမ်းတဲ့ သည်ဖေကို
တဲအိမ်နေကြင်သူက
တအူအူ ဟစ်ခေါ်လို့
အမှာတော်ပါးလိုက်ရှာတယ်လေး ။
အိမ်ကိုပြန်လျှင် အကျွန် ကျွနုပ်
ယုန်တတုတ်ကို ခွာဆုတ်ရေလှန်
ကျပ်ခိုးခံလို့
ပရန္န၀ါ ရွက်နုညှာကို
ဝါးပြာထည့်ကျို အိုးနားတိုနှင့်
ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်
ချိုပေစွ ဟင်းချိုကို စလောင်းတိုအခြေပဲ့ရယ်နှင့်
အာခေါင်မှာ ပူအောင်ထဲ့လို့ မျိုလှဲ့ကွဲ့လေး ။ ။
နှ မ လိပ် ပြာ ရွှင် စေ့ မယ်
================
ခါတခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ
သာတမ်းဖြင့်ရှိစေတော့ အမိတို့တောရွာအိမ်
သည်ချိန်ကို ပဲစင်အောက် လပြောက်မှာဗိုင်းငင်
ရွှေရင် အင်္ကျီသိုင်းလို့ တပိုင်းပိုကရိုနှင့်
အကို့ ကိုဘမ်းပြလိုက်မယ်လေး ။
တဘက်ကယ်မှောင်ကာ တခြမ်းဟာမှာ
နံ့သာလိမ်းကွက် လရောက်ပြက်မှာ
အသက်ကယ်နှင်းဆောင် ။
နွားခွံခင်းတဲ့တလင်းပြောင်ဝယ်
ရိပ်ရောင်မထင် လူခြေတိတ်ကိုမှ
ရွှေလိပ်ပြာရွှင်စေ့မယ်
ဦးရင်တို့မြို့သူလို တို့တောမူတယ်မကြမ်းပါဘု
ခြေရေကုန်လည်ဆံကမ်းချိန်မှ ဘမ်းပမယ်လေး ။ ။
ဒြပ် ကြီး သည့် သ မီး ပျို ခင်
=================
သာလွန်းလှသယ် အစ်မမယ်တို့ရွာ
အကာမှာ ပင်ဝါးရိုးငယ်နှင့်
အမိုးမှာထန်းရွက်တင်
ကြမ်းပြင်မှာအင်ပေါက်ခင်းပါလို့
ကာဝင်းမှာတော့နွယ်ဘူးလိမ်
ဆယ်အိမ်ခေါင်းတဲ့ မအေလေး
သမီးငယ်ပျိုခင် ဥစ္စာများလို့ ၀တ်စားငယ်ဆင်သယ်
အလိုမမြင်ဝံ့ပါလားနော်အဝေး ။
အဘိုးတန်ရာ ဆင်သည်မှာလဲ
ခပ်ပြာညွှန့်ပေါင်း တွင်းနားတောင်းနှင့် ရောင်မောင်းရိုးခံ
ရွှေချည်ဝတ်မှာ လက်စွပ်တွေရံလိုက်လို့
ခေါက်ပြန်ကျောရင် ကျောက်ပုတီးညီအောင်ဆင်လို့
အင်မတန့်အနေမှာ သူအမေဆယ်အိမ်မင်းပေမို့
တင်းလှတယ်လေး ။ ။
စိုး လှ ပါ တယ်
=========
သပြေကသီးသနှင့်
ရေကြီးငယ်ဘောင်ဘင်
ထွန်ရေးငယ်ငင်သည်
ပျို့ဦးရင် အပြန်ခက်ရှာလိမ့်
တဘက်က ချောင်းကာသည်
ရွှေညာမှာ ညိုတဲ့မိုးငယ်မို့
ပျိုစိုးတယ် မောင်ငဲ့လေး ။
ခါးမင်ကြောင်ငယ် ရွှေရောင်ဘယ်ဝေ့
အမယ်လေးဆိုတုန်းက ပျိုပုန်းလို့တွေ့သူမို့
တနေ့သာသာ တညဉ့်ကွာမူ
ဗျာပါသဲနင် တစ်နှစ်ထင်လို့
မရွှင်တမျှော် ရေရှင်တားလို့
ရက်အားပုံပေါ်ချည့် ချောင်းကျော်တဲ့လယ်နှယ်ကို
ကိုယ်တာတွယ် မစုံမက်သာဘူ့ တောတက်ဖေလေး ။ ။
ပေါ် မ လာ မျှော် ကာ ငို
==============
ထိမ်သဖန်းငယ်နှင့်
လိမ်သန်းငဲ့ဖလံ
တယ်ပေါက်ကယ်သန်သည်
နယ်မြောက်ဌာန် ငါတို့တောဆီက
လေရောရာ မိုးတွေဆင်လျှင်
မရွှင်လွမ်းလိုက်လှနော်အဝေး ။
စိမ်းမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး
ကွက်ပုဆိုးနှင့် ရက်ပိုးမပါ
ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်
ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို
ကျည်းပင်လျှိုမှာ နှစ်ကိုယ်ယှဉ်တွေ့
မြင်သနေ့ရယ်က ကြင်ငွေ့ငယ်ဆုံသူ
အကျွန့်လူလည်း ရွှံ့ထူမြေတာ
ဟိုတစ်ရွာက ပေါ်မလာလို့
မျှော်ကာသာငိုမိတယ် ။
နေညိုစချိန်ဆီကို တိမ်အနီ ပြာ အကွက်ကယ်က
ညှာဘယ်ကိုသူမပေးလို့ ဆွေးလှတယ်လေး ။ ။
ပျိုး ခင်း က အ ပြန်
===========
ပီလ၀န်း ကန်စွန်းနှင့်ကင်းပုံ
ကင်းအငုံ ပြင်းထုံထုံမိုသင်္ကန်းငယ်နှင့်
မောင်ဖမ်းတဲ့ လယ်ပုစွန်ကို
အခွံကိုခွာမခွဲပါနဲ့ အထဲမှာအဆီကုန်ရော့
နီရုံချက်ပါ အမိရယ်လေး ။
တောခါချဉ်ကို လက်ငင်ကိုင်ဆုပ် ငါးပိဖုတ်နှင့်
လဲ့လုပ်ကဲ့နန်းသူ ပျိုးနှုတ်ရာယူခဲ့ပါ့
အိမ်သူရဲ့လမ်းတာကို
ပက္ကလာမော်ကာမပါလို့ မျှော်ပါ့မယ်လေး ။ ။
ပျော် ပုံ က သစ် သ နှင့်
==============
ပျော်ပုံက သစ်သနှင့်
ငယ်ချစ်ကယ်လိုက်ခဲ့တော့
အကြိုက်ကတဲ့ တို့တောရွာမှာ
မိုးအကာ ပင်ယံထက်ဆီက
ထန်းရွက်နှင့်ဆင်သည့်အိမ်
ခြုံတင်းတိမ် နွားရေခင်းလို့
ညဉ့်တွင်းကို ပုလွေကျော်နှင့်
ဖျော်ပမယ်လေး ။
ကိုက်ဖူးငယ်ညွန့်စီ ချဉ်ပေါင်နီကို
ရာသီဓလေ့ ပုစွန်လုံးခွံဖုံးထေ့လို့
တောလေ့ငယ်တဆင် လယ်ကြွက်ကင်နှင့်
တို့ခွင်ဖရုံ ဟင်းဘက်စုံလှ
မင်းပုံထယ်ထယ် နေစာပျို့အစ်ကို့ကိုတည်ပမယ်
ဆောင်းနယ်ဝင်သည်ချိန်ကို ယစ်စည်းစိမ်အဆီဖိန်းလို့
မှိန်းစေ့မယ်လေး ။ ။
လက် ပံ ပွင့်
=======
လာဟေ့ ဒွါး ...
သွားကောက်ချည်စို့
ပွင့်ခြောက်ကယ်အနားလန်၊ဆက်ရက်ကယ်ညံ
ပင်လက်ပံကြွေချိန်ကျပြီမို့
မိဇံလှ နင်လိုက်အုံးမလား
သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်
ပေါင်းလန်မှ ပြန်ကြမယ်လေး ။
အရီးသာလုံးကြေးကိုင်တုံးက
တို့အိမ်တောင်က ကြန်စုံကုန်း
တနေ့တုန်းလဲကာသေ ။
သားရေနှင့်အမဲနံ လက်ပံနှင့်ချိုင်ရလျှင်
ကျိုနှိုင်လေ မွမွပျောင်းတာမို့
ပြောင်းဆန်အို မျိုမကျရယ်နှင့် မြိန်လှတယ်လေး ။ ။
ချဉ် ပေါင် ညို
========
အယဉ်ငယ်ကြီးပါတဲ့ ဇနီးရယ်ပျော်လို
ဖျဉ်းနားတိုတွင် ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်
ငါးလူးငယ်မျှင်မျှင် ကြေးမသင်ရေလုံပြုတ်ပါလို့
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်
မင်းဘွယ်စိုးရ လောက်ပေလေး ။
လယ်ထွန်ပြန်တွင် နွားကန်ပစ်ချ
ဆာမွတ်ချိန်ကျသောကြောင့်
ဆံစလိပ်ခွေ ဖားလျားဝေနှင့်
အိမ်နေသူသက်ပန် ချက်ပြောင်းဆန်ကို
တပန်းကန်ကုန်အောင် တက်တက်သာပြောင်တော့
ကိုတောင်သူအနေ ပိုက်ဝမ်းရေပါတ်လည်ကျရယ်နှင့်
ယဉ်လှတယ်လေး ။ ။
စပ် ဟင်း ချို
=======
တစ်ခါလေလိုက်ခဲ့တော့ စရိုက်ကယ်ဘာသာ
တို့တောရွာမှာ စားစရာဆန်ထမင်းမှာလ
မုရင်းနီတျာနှင့် သီကာရောတဲ့ ချိန်ကိုလေး ။
စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်
ကင်ပလင်း ဂုံမင်းဖက်လို့ ဗြုန်းစပ်ကာ ကျိုပြီးလျှင်
ဆီးချိုပင်ရိပ်သာမှာ နှစ်မျက်နှာယှဉ်ပြိုင်ပြုံးလို့
သုံးရအောင်လေး ။ ။
မောင် ကြီး တို့ ပျော် စံ ရာ
===============
မလွမ်းရော့သော်ကော့
ကျွန်းမော့မော့မြောက်ခွင်
မူးရေယဉ် လက်ျာစီးပါလို့ မောင်ကြီးတို့ ပျော်တဲ့ရွာ
မြောက်ညာနှင့် တောင်စွယ်လက်ကယ်က
အင်းနှစ်ဖက်ကာတယ်လေး ။
တစ်ခေါက်ကယ်လမ်းဆုံ
ရွာသဘောကို ပြောမယုံသော်
ကြုံလျှင်ဝင်ခဲ့ပါလားနော် အဝေး ။
နှမပြာဖြူ ရောက်တော်မူလျှင်
မပူခြမ်းငြိမ် အခြင်ရယ်မြေနီး
ထန်းရွက်ကယ်စီးပါတဲ့
မောင်ကြီးအိမ်မှာ စည်းစိမ်ငယ်ခံ
ဟင်းချဉ်ပေါင်ဖက် ပြုတ်ဗူးရွက်နှင့်
ပိချက်ကယ်ရံပြီးလျှင် ဆန်ထမင်း ရဲကြော်ကို
ဝန်ကတော် ပုံလောက်ပြေးအောင် ကျွေးပါ့မယ်လေး ။ ။
ဆယ် အိမ် မင့် စည်း စိမ်
===============
စည်းစိမ်ကြီးပါဘိ
ရုတ်သီးတောင့်ကိုင် နှစ်ယောက်ကယ်ထိုင်
ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်
ဖွယ်သစ်မြေအင်ရံလို့
ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်
ကြွက်နဖား ပုန်းရည်ကျိုသည်
အလိုဗျာ စားပုံတင့်ပါဘိ
ခေါင်းမင့်ဆယ်အိမ်ပေမို့
အခြေကြီးလှတောင်းကိုလေး ။
စားသောက်ဖွယ်ရာ ပြီးသောခါဝယ်
ရသာချမ်းငြိမ် အခြင်မြေသက် ပင်ထန်းရွက်နှင့်
ခေါင်ပျက်အိမ်တွင်
စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့
ခုတင်ကြမ်းပေါက် သုံးချောက်ထောက်မှာ
မှောက်ချီ လှန်ချည်
အဆီရယ်ဖိန်း မှိန်းတဲ့ချည်နှင့်
မကြည်သမ်းဝေ ထည်မင်းပုံနေလိုက်တယ်
နွားရေပြန့်အပေါ်မှာ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ
သူ အိပ်တယ်လေး ။ ။
ကိ န္န ရာ မောင် နှံ
===========
လူဓလေ့လိုပါ့
အတွေ့ရယ်အာရုံနှင့် ကာမဂုဏ်ခံစံ၍သာပါ့
မြိုင်ယံမှာ မေတ္တာဖျန်းရှာကြ
ရှုစမ်းဖျာ့ထိပ်ခေါင် ။
ငှက်အများတွင်မှ
သနားငယ်စရာပါ့ ရုပ်ရောင်ဝါ အလွန်လှပေတဲ့
ကန္နရီမောင်မယ်တို့
မြင့်ဟိုတောင်ဆွယ်စခန်းမှာလ
နွယ်ငန်း နှစ်ကိုယ်ယှဉ်၍
ငြိမ့်ဧယင် သူတို့နွှဲရှာကြ
ခဲကြလူ့သွင် ။
ရူပါရုံသဏ္ဍန်တင့်ပါဘိ
ကံခွင့်စီမံ၍ တိရစ္ဆာန်သာဟု ဖြစ်ရှာကြ
ချစ်စရာ့ပုံအပြင် မြင်သူတို့မနော ။
နွှဲကာငယ်ချီ ဖူးစီစီ ရွှေရင်မို့ငယ်နှင့်
ဘယ်သို့လျှင် ကြံ၍နီးပါရ
မကြီး ကိန္နရီမေတို့
ခုမသွေ ကံသာဖက်ချင်တော့တယ်
မင်းလူထက်ချော ။ ။
ယဉ် ပေ့ တော သူ
===========
လေပြည်ငယ်သုတ်ပါလို့
ရွှေဘုတ်ကယ်အိုးအီ အုံ့မှိုင်းငယ်ရီ
နေမီအောင် တခိုလှမ်းခဲ့ရ
ကောက်ငန်းကသူပြန်ပုံမှာ
ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်
ပန်းဝင့်လို့ရွာကိုဝင်
အမြင်ဆန်းပါဘိတယ်လေး ။
ညဥ့်ချမ်းရယ်နေရီ
ချိန်တော်မီ ကေသီပန်းနှင့်
ရေခပ်လမ်းမှာ စခန်းသင့်လို့
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်
ယဉ်အောင်တောသူ
သနပ်ခါး ကွက်ပါးမှာကူလို့
အမူကြီးကမ်းကုန်ကို
ဘယ်မြို့ပုံသာချင်သောရယ်လို့
ပြောကြမယ်လေး ။
လွမ်း ပါ ဘိ ငယ် ကျွမ်း ၀င်
================
အရောက်ခက်ပါဘိ
မြောက်ဖက်ကယ်တဲ့တို့တောရွာ
ခုအခါ ရူ့စရာလယ်ညိုဝင်းချိန်မို့
ဆယ်လျှိုတွင်းပြန့်ပြက်တောမှာ
ကန့်ပက်ကာဆူတဲ့ငါးရယ်နှင့်
အနားတွန့်ချဉ်ပေါင်နီကို
ဒေါ်လီကျိုတဲ့ဟင်းကိုလေး ။
တလင်းကျယ်မှာ မင်းဖွယ်စိုးလောက်
နွားရေမခင်းမြေတလင်း ခွေထင်းခြောက်နှင့်
ခုံလောက်ကယ်ချ ဆန်နီမကို
တောင့်လှအောင်ချက် ကျွန်းဖက်ထက်မှာ
ခူးလက်ကယ်လျှင်စွာ ပြုပြီးကာမှ
အရသာကြီး ခြံစပ်သီးကို
မီးမှာမဖုတ် ညှာမဖြုတ်ဘဲ
ကဗျာတုတ်ဆောင်း
ဆုံဆိုးဆိုးမှာ ကျိုးအောင်ထောင်းလို့
စလောင်းငယ်လဘင် အဖုံးအင်နှင့်
ယခင်ချက်ဟင်းလျာကို
ချွင်းမညှာအကုန်မှောက်ပါလို့
နှစ်ယောက်ပြိုင်မျိုနေကြဟာမို့
ဟိုမြေက ငယ်ကျွမ်းဝင်ကို
နယ်မန်းခွင်စံတော်ကွန်းဆီက
လွမ်းလှတယ်လေး ။ ။
မောင် မ မြင် စမ်း စေ ရ
==============
မိုးစရိုက်ပေမို့
ပျိုးစိုက်ကယ်ပျော်ပျော်
လက်စားငယ်ခေါ်သည်
မျက်ဝါးဖော်သူငယ်ချင်းတွေနှင့်
လယ်ခင်းပြန့်သမန်းပြင်မှာ
အငန်းတွင်သူငါဆင်းပါလို့
မူရာချင်းမြို့သူမှီပေါင်
တို့တူညီသံချိုတေးငယ်နှင့်
ဖန်ချိုအေးချိန်လောက်ဆီကို
အိမ်ရောက်မှီကြဲပြန်ရတယ်လေး ။
တို ထမီငယ် ဟိုဆီဖုံးရုံ
အလုံးခြုံလို့ ကုန်းပုံကညီ
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်
ပလီလိုက်ထာ ။
ဂုတ်ပေါ်ရောက်တဲ့ဆံထောက်ဟာကို
တကြော့ချည်ရုံး လျှော့ရီထုံးလို့
ပွင့်လုံးငယ်ခတ္တာ ။
ယောင်မငိုက်အောင် ထောင်စိုက်ခါနှင့်
ကြိုက်ရှာတဲ့မောင်
မမြင်စမ်းစေရ ဘွင်ပန်းကာလောင်လိမ့်မယ်
တောခေါင်တဲ့ မြောက်ရွာကို
မရောက်လာမြို့တော်ယွန်းဆီက
ကန်သင်းခုံမို့မော်စွန်းကို လွမ်းလိမ့်မယ်လေး ။ ။
Subscribe to:
Comments (Atom)